ဆံပင်ကျန်းမာသန်စွမ်းစေတဲ့ ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်နည်း…

ဆံပင်ကျန်းမာသန်စွမ်းစေတဲ့ ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်နည်း

မီးဖိုချောင်သုံးပစ္စည်းတွေထဲက အလှအပရေးရာအတွက် အသုံးတည့်တဲ့ အရာတွေအများကြီးထဲကမှ ဆံပင်ကျန်းမာသန်စွမ်းဖို့အတွက် ကြက်သွန်နီရဲ့ အံ့မခမ်းအစွမ်းများကို ဖော်ပြပေးချင်ပါတယ်။

ကြက်သွန်နီနဲ့ ဆံပင်ပေါင်းတင်တာဟာ ဆံသားနှစ်ခွဖြစ်ခြင်း၊ ဆံပင်ကျွတ်ခြင်းကို သက်သာစေတဲ့ အပြင် ဆံပင်ပါးသူများနဲ့ နဖူးပြောင်၊ ထိပ်ပြောင်သူများအတွက်လည်း ဆံပင်သန်စေတဲ့ သဘာဝ နည်းလမ်း ကောင်းလေးပါပဲ။ ဒါ့ကြောင့် ကြက်သွန်နီကို အသုံးပြုပြီး ဆံပင်ပေါင်းတင်နည်းလမ်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကြက်သွန်နီအနှစ်ရည်

ဆံပင်အရှည်ကို နှစ်သက်မြတ်နိုးသူတွေအနေနဲ့ အချိန်ခဏအတွင်း ဆံပင်အရှည်မြန်ချင်တယ် ဆိုရင်တော့ ကြက်သွန်နီကြိတ်ထားတဲ့ အရည်ကို ဝါဂွမ်းစနဲ့ တို့ယူပြီး ဦးရေပြားတစ်ဝိုက် သုတ်လိမ်း ပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ခေါင်းလျှော်လိုက်ရုံပါပဲ။

(၂) ကြက်သွန်နီအရည်နှင့် အုန်းဆီ

ကြက်သွန်နီအရည်နဲ့ အုန်းဆီကို ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားတွေပေါ် သုတ်လိမ်းပေး နိုင်ပါတယ်။ အုန်းဆီနဲ့ ကြက်သွန်နီက ဆံသားကျန်းမာစေဖို့ ကူညီပေးပါလိမ့်မယ်။ တကယ်လု့ိ သင်က ဗောက်ထတယ်ဆိုရင်တော့ tea tree oil အနည်းငယ်ရောစပ်နိုင်ပါတယ်။ နာရီဝက်လောက်ထားပြီး ခေါင်းလျှော်လိုက်ပါ။

(၃) သံလွင်ဆီနှင့် ကြက်သွန်နီအရည်

တကယ်လို့ အုန်းဆီနဲ့ မလုပ်ချင်ဘူးဆိုရင်တောင် သံလွင်ဆီကို အသုံးပြုနိုင်ပါသေးတယ်။ သံလွင်ဆီ ၃ဆနဲ့ ကြက်သွန်နီအရည် တစ်ဆကို ရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားများအနှံ့ သုတ်လိမ်းပေးပါ။ ၂နာရီလောက် ဦးရေပြားထဲ စိမ့်ဝင်သွားအောင် ထားပြီးမှ ခေါင်းလျှော်လိုက်ပါ။

(၄) ကြက်ဆူဆီနှင့် ကြက်သွန်နီအရည်

ကြက်ဆူဆီကလည်း ဆံသားများ ကျန်းမာသန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ အရာတစ်ခုပါပဲ။ ကြက်ဆူဆီ နဲ့ ကြက်သွန်နီအရည်ကို ဆတူရောစပ်ပြီး ဦးရေပြားနဲ့ ဆံသားတစ်ဝိုက် ပွတ်လိမ်းပေးပါ။ ပြီးရင်တော့ တစ်နာရီအကြာမှာ ရေအေးနဲ့ ခေါင်းလျှော်လိုက်ရုံပါပဲ။

(၅) ကြက်ဥနှင့် ကြက်သွန်နီအရည်

ကြက်ဥက ဆံပင်ကျွတ်တာကို သက်သာစေတဲ့အပြင် ဆံသားနက်မှောင်လှပဖို့ကိုလည်း ပေးစွမ်း နိုင်ပါတယ်။ ဒါ့ကြောင့် ကြက်ဥတစ်လုံးနဲ့ ကြက်သွန်နီအနှစ်ရည် စားပွဲတင်ဇွန်းတစ်ဇွန်း အချိန်အဆ အတိုင်း ကိုယ်လိုသလောက် ချင့်ချိန်ထည့်ပါ။

ပြီးရင်တော့ ရရှိလာတဲ့ အရောအနှောကို လာဗင်ဒါပန်း အဆီအနည်းငယ်ရောစပ်ပြီး ဦးရေပြားအနှံ့သုတ်လိမ်းပေးပါ။ ပြီးရင်တော့ shower cap နဲ့ မိနစ် ၂၀၊ နာရီဝက်လောက် အုပ်ထားပြီးမှ ခေါင်းလျှော်လိုက်ပါ။

(၆) ဂျင်းအနှစ်ရည်နှင့် ကြက်သွန်အနှစ်ရည်

ဂျင်းနဲ့ ကြက်သွန်နီပေါင်းစပ်မှုကြောင့် ဦးရေပြားတစ်ဝိုက် သွေးလည်ပတ်မှု ကောင်းမွန်စေပြီး ဆံသား ကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ဂျင်းကိုကြိတ်ပြီး ရရှိလာတဲ့ အရည်နဲ့ ကြက်သွန်နီကို ကြိတ်ပြီး ရရှိလာတဲ့ အနှစ်ရည်ကို ပေါင်းစပ်လိုက်ပါ။

ပြီးရင်တော့ ဦးရေပြားပေါ် စက်ဝိုင်းခြမ်း သဏ္ဍာန်ပွတ်လိမ်းပေးပါ။ ၂မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပြီး တစ်နာရီလောက်နှပ်ထားပါ။ ပြီးရင်တော့ ခေါင်းလျှော်လိုက်ရုံပါပဲနော်။

အထက်ပါဖော်ပြပေးခဲ့တဲ့ နည်းလမ်းတွေကို ပြုလုပ်ပြီးလို့ ဆံသားမှာ ကြက်သွန်နီအနံ့စွဲနေတယ် ဆိုရင် အလျင်မြန်ဆုံးပျောက်နိုင်တဲ့ နည်းလမ်းလေးကို ပြောပြချင်ပါတယ်။ ခေါင်းလျှော်မယ့် ရေထဲကို ပန်းသီးရှာလကာရည်နှစ်ဇွန်းလောက်ထည့်ပြီး ခေါင်းလျှော်ရည်အပျော့စားလေးနဲ့ လျှော်ပေးမယ်ဆိုရင် ကြက်သွန်နီအနံ့ ပျောက်သွားပါလိမ့်မယ်။

Credit– ရွှေရောင် (ရွှေအင်းလေး)




















Be the first to comment

Leave a Reply

Your email address will not be published.


*