ပုဆိုးတစ်ကွင်းရဲ့ ရာဇဝင် …..

ပုဆိုးတစ်ကွင်းရဲ့ ရာဇဝင်

မနက်၉နာရီလောက်ကျွန်တော်အိမ်ရှေ့လမ်းဘေးမှာရပ်နေတုန်းသုံးနှစ်သားလေးနဲ့ငါးဆင့်ချိုင့်တစ်လုံးကိုလက်ဆွဲလို့လာတဲ့စုံတွဲထဲကလူငယ်ကကျွန်တော့ကိုတွေ့တော့ရပ်ပြီး

”ဘဘနေကောင်းလား”လို့နှတ်ဆက်လာပါတယ်။ ကြည့်လိုက်တော့ကျွန်တော့မိတ်ဆွေရဲ့သားဖြစ်နေတယ်။

“အေးကောင်းပါတယ်ကွာ ဒါနဲ့မင်းကဘယ်လဲ”ဆိုတော့ “ဒီနေ့ကျွန်တော့မွေးနေ့လေ အဲဒါဘုန်းကြီးကျောင်းကို ဆွမ်းချိုင့်သွားပို့မလို့”တဲ့

ဒါနဲ့ကျွန်တော်လဲခင်နေသူတွေဆိုတော့အားမနာဘဲ “ပြစမ်းပါအုန်းဘာဟင်းတွေလဲ”ဆိုပြီးသူ့ဆွမ်းချိုင့်ကိုယူကြည့်လိုက်တယ်။

အပေါ်ဆုံးပထမအဆင့်က အတို့အမြှုပ် ၊ ဒုတိယအဆင့်က ဘာလချောင်ကြော် ၊ တတိယအဆင့်ကပုစွန်ထုပ်ဆီပြန် ၊ စတုတ္ထအဆင့်က ချဉ်ရေဟင်း ၊ နောက်ဆုံးဆင့်က ထမင်း

“ဟ မင်းဟာကပုစွန်ထုပ်ကြီးဆီပြန်နဲ့အစပ်အဟပ်တည့်လှချည်လားကွပုစွန်ထုပ်တောင်မစားရတာကြာပြီကွ”

“ဟုတ်တယ်ဘဘ ဒီနေ့မှဆိုက်ဆိုက်မြိုက်မြိုက်ရခဲ့တာ ဆရာတော်ရဲ့ကံပဲ”

“အေးပါကွာ ဒါနဲ့မင်းမိဘတွေရောနေကောင်းကြလား”

“မသိဘူးဘဘ အမေတို့အိမ်မရောက်တာကြာပြီ”

“ဟုတ်လားဘာလို့မရောက်တာကြာရတာလဲတစ်မြို့ထဲနေပြီးတော့”

“အမေနဲ့ရန်ဖြစ်ထားလို့ဘဘ”

“ဟေ••ဘာဖြစ်ရတာလဲ”

“အမေကငွေငါးသောင်းချေးတယ်ဘဘရာမပေးတာကြာနေလို့ပြန်တောင်းတော့အမေကတောင်းရပါ့မလား ရှိရင် ပေးမှာပေါ့ဆိုပြီး ရန်တွေ့တယ်။ပိုက်ဆံပြန်မရတဲ့အပြင် ရန်ဖြစ်ပြီးပြန်ခဲ့ရတယ်။

“ဟုတ်လား ပိုက်ဆံကဘာအတွက်ချေးတာလဲ”

“မသိပါဘူးဘဘရာ အမေဆေးခန်းပြမလို့ဆိုလား”

“ဪ••အေးပါကွာ မင်းကျောင်းကပြန်ရင်ဘဘဆီဝင်ခဲ့အုံး မွေးနေ့လက်ဆောင်ပေးချင်လို့”

“ဟုတ်ကဲ့ဘဘ ဒါဆိုကျွန်တော်ကဘဘကိုမုန့်ပြန်ကျွေးရမှာပေါ့ဘဘဘာစားမလဲ”

“အေး••မင်းကျွေးချင်လဲလ္ဘက်ရည်နဲ့နံပြားသာဝယ်လာကွာ”ဆိုတော့ “ဟုတ်ကဲ့ဘဘ သွားလိုက်ပါအုံးမယ်”ဆိုပြီးနှတ်ဆက်လို့ထွက်သွားပါတယ်။

အပြန်ကျတော့သူတို့မိသားစုလေးလဘက်ရည်နဲ့နံပြားထုပ်လေးဆွဲလို့ရောက်လာပါတယ်။ကျွန်တော်ကဇနီးသည်ကို

“အမေကြီးရေ လဘက်ရည်လေးထည့်ပေးပါအုံးပြည့်စုံအောင်တို့နဲ့အတူစားရအောင်။ပြီးတော့ဘီဒိုထဲကပိုးပုဆိုးလေးပါထုတ်ပေးပါအုံး”လို့လှမ်းပြောလိုက်တယ်။

ကျွန်တော့လက်ထဲပိုးပုဆိုးလေးရောက်လာတော့ “ရော့ကွာဒါကမင်းအတွက်ဘဘရဲ့မွေးနေ့လက်ဆောင် ပုဆိုးကအသစ်နော်။”

“ဟာ••ဘဘပုဆိုးလေးကလှလိုက်တာ”

“အေးကွ••ဒီပုဆိုးကဘဘလဲလက်ဆောင်ရထားတာ။ဒီပုဆိုးကရာဇဝင်ရှိတယ်။”

“ဟုတ်လားဘဘ••ဘယ်လိုရာဇဝင်လဲပြောပြပါအုံး”

“ဒီလိုကွ ဟိုလွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်ကပေါ့ကွာဘဘအသိလင်မယားနှစ်ယောက်ဘဘဆီပိုက်ဆံလာချေးတယ်။

သူတို့သားလေးနေမကောင်းဖြစ်နေတာ ဒီမှာကုလို့မရဘူး မန္တလေးဆင်းကုရမှာ အဲဒါငွေငါးသိန်းချေးပေးပါအတိုးလဲပေးပါမယ်တဲ့”

“ဘဘကချေးပေးလိုက်လား”

“အေးကွာ ဘဘကမချေးဘူး မရှိဘူးလို့ငြင်းလိုက်တယ် ဘာလို့ဆိုအဲသည်တုန်းကငွေငါးသိန်းဆိုတာရွှေတစ်ဆယ်သားဖိုးရှိတယ်ကွ၊မနည်းဘူး ပြန်မပေးနိုင်ရင်ဘယ်လိုလုပ်မလဲ

အမျိုးသမီးကအဲဒါကိုရိပ်မိတယ်ထင်တယ်သူတို့ဘယ်မှာမှရှာမရလို့ပါ မဖြစ်မနေပြန်ဆပ်ပါ့မယ်..အဲသည်အကြွေးကိုမဆပ်နိုင်ရင် ဒီဘဝမှာတင် ကျွန်လာခံပြီးနေပေးပါမယ်လို့ ငိုယိုပြီးပြောတော့တာ။

သူ့ယောက်ျားကိုကြည့်လိုက်တော့လဲ မငိုယုံတမယ်ဘဲ မျက်ရည်တွေဝဲလို့။နောက်တော့ ဘဘလဲ ကဲ…ဆုံးမဲ့သာဆုံးတော့ဆိုပြီး ချေးပေးလိုက်ပါတယ်။”

“ဪ••ဟုတ်လားဘဘ သနားပါတယ်နော်သူ့သားလေးကိုတော်တော်ချစ်တာပဲအကြွေးကိုကျွန်ခံပြီးတောင်ဆပ်မယ်ဆိုတော့။သူတို့သားလေးရော ပြန်ကောင်းသွားလား”

“အေးကောင်းသွားတယ်ကွ နောက်၂နှစ်လောက်ကြာတော့ လင်မယားနှစ်ယောက်ပြုံးပျော်ပြီးအကြွေးလာဆပ်ကြတယ်။သူ့ယောက်ျားက

အစ်ကိုရေ အစ်ကို့ညီမမှာအကြွေးဆပ်ချင်လို့တဲ့ လုပ်လိုက်တဲ့အလုပ် မနက်ပိုင်းဆိုဈေးရောင်း..နေ့လယ်ဆိုသူများအိမ်ကဘာခိုင်းမလဲ လိုက်လုပ်..

ပိုက်ဆံရရင်ပြီးရော အကုန်လိုက်လုပ်တာ..အလှူပန်းကန်ဆေးငှားလဲ လိုက်တာပဲ..ကုန်ကုန်ပြောမယ်အစ်ကိုရေ အဝှာမခံတာပဲကျန်တယ်။

အကြွေးမကြေရင်ငါမြေခံရတာ..အကြောင်းမဟုတ်ဘူး…ငါ့သားလေးကိုဆေးကုထားတာဆိုတော့..ငါ့သားလေးပါမြေခံနေရမှာစိုးတယ်။

ဒီဘဝတင်ကျွန်ခံဆပ်မယ်အမြဲပြောတယ်။ငွေငါးသိန်းမပြည့်မခြင်း..ဟင်းကောင်းလဲမစားရဘူးအစ်ကိုရေ့..ဆိုပြီး ပျော်ပျော်ရွှင်ရွှင်နဲ့အကြွေးလာဆပ်ကြတယ်။”

“ဟုတ်လားဘဘ သူတို့သားလေးကိုတော်တော်ချစ်တာပဲနော်။ဒါနဲ့ပုဆိုးကရော”

“သူတို့ကအရင်းတင်မကဘူး အတိုးလဲပေးတာငါကအတိုးမယူဘူးဆိုတော့နောက်နေ့မှာဒီပိုးပုဆိုးလေးလက်ဆောင်လာပေးတာ။ငါကမဝတ်ရက်လို့သိမ်းထားတာ။”

“ဟုတ်လားဘဘ သူတို့ကခုရောရှိသေးလား”

“ရှိတယ်ကွ မင်းတောင်သိရင်သိမှာပါ။”

“ဟုတ်လားဘဘ ဘယ်သူများလဲ။”

“ဟိုကွာ လက်သမားလုပ်တဲ့ ကိုလှမောင်နဲ့မခင်မေတို့လင်မယားလေကွာ။”

“ဟင်•ဒါဆို•အဲဒါကျွန်တော့အဖေနဲ့အမေပေါ့”

“အေးဟုတ်တယ်ကွ မင်းအဖေနဲ့အမေပဲ”

“ဒါဆိုဆေးကုရတဲ့ကလေးက••”

“အေး••ဆေးကုရတဲ့ကလေးကလဲမင်းပဲလေ”

သူခဏတော့ငြိမ်ပြီးထိုင်နေသေးတယ်။

ခဏအကြာမှာတော့

“ဘဘကျွန်တော်တို့ပြန်လိုက်ပါအုံးမယ်။”လို့နှတ်ဆက်လို့ပြန်သွားပါတယ်။

သူတို့ပြန်သွားတော့ဇနီးသည်က

“အဖေကြီးကလဲ ကလေးစိတ်မကောင်းဖြစ်အောင်ဘာလို့ပြောရတာလဲ။သူ့မှာသူ့မွေးနေ့လေးမှာဘုန်းကြီးကျောင်းဆွမ်းပို့ပြီးမိန်းမနဲ့ကလေးနဲ့ပျော်နေတာကို။”

“ဟ••ပြောရမယ်ကွ ပြောမှသိမှာပေါ့သူတို့လူလားမြောက်အောင်မိဘကဘယ်လိုမွေးခဲ့ရတယ်၊ဘယ်လိုလုပ်ခဲ့ရတယ်မသိဘူး ကြွေးဟောင်းတော့မဆပ်ဘူးကိုယ်ကသူ့ကိုချစ်လို့ပြောလိုက်တာပါကွာ” ဆိုတော့ဇနီးသည်က

“အေးပါလေ ကျွန်မကလတ်တလောသူစိတ်မကောင်းဖြစ်သွားတာကိုသနားလို့ပါ။”တဲ့..ညနေကျတော့ကျွန်တော့ဆီဖုန်းတစ်ကောဝင်လာပါတယ်။

“အော••အစ်ကို ကျွန်မခင်မေပါနေ့လယ်ကလေကျွန်မသားကသူ့မွေးနေ့ဆိုပြီးငွေကငါးသိန်း၊ထဘီတစ်ထည်၊ပုဆိုးတစ်ထည်လာကန်တော့တယ်။

သူလာကန်တော့တဲ့ပုဆိုးကအစ်ကို့ကိုကျွန်မတို့လက်ဆောင်ပေးခဲ့ဖူးတဲ့ပုဆိုးနဲ့တူနေလို့အဲဒါ•••”

“ဪ•••သိပြီ..ဒီလိုမခင်မေရေ့ မင့်သားကဒီနေ့သူ့မွေးနေ့..ဘုန်းကြီးကျောင်းကိုဆွမ်းချိုင့်ပို့တယ်။..အပြန်မှာအစ်ကို့ဆီဝင်ခိုင်းပြီးသူ့ကိုအဲသည်..ပုဆိုးလက်ဆောင်ပေးရင်း ပုဆိုးရာဇဝင်ကိုပြောပြလိုက်တာ”

“ဪ••ဒါကြောင့်ကိုးကျေးဇူးတင်ပတယ်အစ်ကိုရေ”ဆိုပြီးဖုန်းချသွားတယ်။ ဇနီးသည်က

“ဘယ်ကဖုန်းလဲအဖေကြီး”

“မခင်မေလေကွာ သူ့သားကငွေငါးသိန်းထဘီတစ်ထည်၊ပုဆိုးတစ်ထည်နဲ့လာကန်တော့တာပုဆိုးကသူတို့လက်ဆောင်ပေးဖူးတဲ့ပုဆိုးဖြစ်နေလို့မေးနေတာ ကိုယ်လဲ မနက်ကအကြောင်းပြောပြလိုက်တယ်။

“ဟုတ်လား ကလေးတစ်ယောက်အမြင်မှန်ရသွားတာဝမ်းသာစရာပဲ”

“အေးပေါ့ကွာ ပြောရကျိုးနပ်သွားတာပေါ့”

“သာဓုပါတော် မိဘကျေးဇူးသိတဲ့သားလေးဘုန်းကြီးပါစေသက်ရှည်ပါစေကျန်းမာပါစေချမ်းသာပါစေတော်”

ကျွန်တော်ကတော့ဇနီးသည်ရဲ့ဆုတောင်းပေးသံကိုပီတိဖြစ်နေပါတော့တယ်။

မင်းကြည်

(ရွှေပြည်တော်ရုပ်ရှင်ရုံ၊ရွှေပြည်တော်ကဖေး)

စာကြွင်း။. ကျွန်တော့postကိုမည်သူမဆိုကူးယူဖော်ပြခြင်း၊မျှဝေပေးခြင်းပြုနိုင်ပါသည်။ခွင့်တောင်းရန်မလိုပါခင်ဗျာ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*